Wijayanto Samirin နှင့်အတူ Klareco ၏ ထိုးထွင်းသိမြင်မှုများ
အရေးပါသောအချက်များ
လာမည့်ရွေးကောက်ပွဲ ရှိနေသော်လည်း အင်ဒိုနီးရှား နိုင်ငံရေးမှာ ဆက်လက်တည်ငြိမ်နေမည်
အင်ဒိုနီးရှားတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ် ပြိုင်ဆိုင်မှုများ ရှိလာမည်ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေမှာ ဆက်လက်တည်ငြိမ်နေမည် ဖြစ်ပါသည်။ အင်ဒိုနီးရှား၏ နိုင်ငံရေးအနေအထားမှာ တည်ငြိမ်ရင့်ကျက်လာသည့် ဒီမိုကရေစီစနစ်နှင့် ပြိုင်ဆိုင်ကြသော်လည်း ကိုယ်ရေးအနေအထားတွင် တစ်ဦးနှင့်တစ်ဦး ပြေလည်စွာ ဆက်ဆံနိုင်ကြသည့် ပြိုင်ပွဲဝင်များကြောင့် ဆက်လက်တည်ငြိမ်နေမည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည်လည်း အခြေခံ မူဝါဒအမြင် အလွန်အကျွံ ကွဲပြားခြင်းမရှိကြသောကြောင့် ပါတီများနှင့် ထိပ်သီးနိုင်ငံရေးသမားများသည် မူဝါဒအမြင်ကွဲပြားမှုကြောင့် အဆင်မပြေဖြစ်ခြင်း မရှိကြပါ။ အဆိုပါ အချက်အားလုံးကို ထည့်သွင်းစဉ်းစားပါက လာမည့်ရွေးကောက်ပွဲသည် ဆက်လက်အေးချမ်းတည်ငြိမ်နိုင်မည် ဖြစ်ပါသည်။
မဲဆွယ်လှုံ့ဆော်မှုများသည် စီးပွားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစိုက်သွားကြမည် ဖြစ်သည်။
အင်ဒိုနီးရှား၏ စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်ရရှိမှုနှင့် အင်ဒိုနီးရှား ပြည်သူပြည်သားတို့နှင့် နီးစပ်သော ပြဿနာတို့သည် ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း မဲဆွယ်လှုံ့ဆော်မှုများအပေါ် ကြီးစိုးသွားမည် ဖြစ်ပါသည်။ အထူးသဖြင့် သမ္မတ Jokowi မှ MUI ဟု လူသိများသော Indonesian Ulema Council ဥက္ကဋ္ဌဖြစ်သူ Ma’ruf Amin အား ၎င်း၏ ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီးသည့်နောက်တွင် ဘာသာရေးနှင့် ပတ်သတ်ပြီး ပြဿနာဖြစ်နိုင်ချေ အလွန်နည်းပါးသွားပြီ ဖြစ်ပါသည်။
အားနည်းနေသည့် ရူပီးငွေကြေးနှင့် လက်ရှိကြွေးမှီပမာဏ တိုးပွားလာမှုတို့သည် အဓိက စီးပွားရေးပြဿနာများ ဖြစ်ကြသည်
ရူပီးနှင့် US ဒေါ်လာအကြား ငွေလဲလှည်နှုန်းသည် ၁၉၉၈ ခုနှစ် ငွေကြေးခက်ခဲသော အခြေအနေနှင့် သဏ္ဍာန်တူသော အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း ယခု ရူပီးငွေကြေး အားနည်းမှုကို ဖြစ်စေသော အကြောင်းရင်းများသည် ၁၉၉၈ ခုနှစ် ငွေကြေးခက်ခဲသော အခြေအနေကို ဖြစ်စေခဲ့သော အကြောင်းရင်းများနှင့် များစွာကွာခြားနေသည်ကို တွေ့ရပါသည်။ ယနေ့တွင် အင်ဒိုနီးရှား၏ ဘဏ္ဍာရေး အဖွဲ့အစည်းများမှာ ပိုမိုအားကောင်းလာကြပြီ ဖြစ်သည်။ ထိုသို့အားကောင်းသည့် ကြားကပင် အင်ဒိုနီးရှားသည် မကြာခဏဆိုသလို တူရကီနှင့် အာဂျင်တီးနားကဲ့သို့သော နိုင်ငံများနှင့်အတူ “အထိမခံ ငါးနိုင်ငံ” စာရင်းတွင် မကြာခဏ ပူးတွဲထည့်သွင်းခံရခြင်းကြောင့် အများအမြင် မကောင်းသော ပြဿနာဖြင့် တွေ့ကြုံနေရပါသည်။
လက်ရှိဝင်ငွေထွက်ငွေ မညီမျှမှုမှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်တွင်းဆီထုတ်လုပ်မှု ကျဆင်းခြင်းနှင့် လောင်စာဆီ သုံးစွဲမှု မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အင်ဒိုနီးရှားတွင် အသုံးပြုသောဆီ၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းထားခြင်း ဖြစ်ပါသည်။ အခြေခံအဆောက်အဦ စီမံကိန်းများနှင့် e-commerce တို့သည်လည်း လက်ရှိဝင်ငွေထွက်ငွေ မညီမျှမှုအပေါ် သက်ရောက်မှုရှိနေပြီး အခြေခံအဆောက်အဦ စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းရန်လိုအပ်ခြင်းနှင့် e-commerce သည် အဓိကအားဖြင့် တရုတ်နိုင်ငံမှ သွင်းကုန်များရောင်းရမှုကို တိုးမြှင့်ပေးနေသည့်အတွက် ဖြစ်ပါသည်။
သမ္မတ Jokowi အနေဖြင့် ၎င်းပြန်လည်ရွေးကောက်ခံရရန် အခွင့်အရေးမှာ ရူပီးငွေတန်ဖိုးနှင့် ဝင်ငွေထွက်ငွေ မညီမျှမှုတို့အပေါ် တိုက်ရိုက်မူတည်နေသည့်အတွက် ၎င်းနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါ ကိစ္စရပ်များအား အားထုတ်စီမံခန့်ခွဲလျက်ရှိပါသည်။
အစိုးရမှ ဆက်သွယ်အကြံပြုရန် လမ်းဖွင့်ပေးထားသော်လည်း အပြုသဘောဆောင်သော အကြံပြုချက်တို့ကို စောင့်မျှော်နေပါသည်
လက်ရှိအစိုးရသည် စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းမှ တုန့်ပြန်အကြံပြုချက်တို့အတွက် လမ်းဖွင့်ပေးထားပါသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းများမှလည်း ၎င်းတို့၏ တုန့်ပြန်အကြံပြုချက်များနှင့်အတူ ဖြေရှင်းနည်းလမ်းများကိုလည်း အကြံပြုချက်ပေးသင့်ပါသည်။ အစိုးရနှင့် ဆက်သွယ်သည့် အချိန်အပိုင်းအခြားသည် အဓိကသော့ချက်တစ်ခု ဖြစ်ပါသည်။ အစိုးရဋ္ဌာန အရာရှိများသည် တုန့်ပြန်အကြံပြုချက်များကို လက်ခံနိုင်မည်ဖြစ်ပြီး ၎င်းအကြံပြုချက်များကို ဥပဒေအဖြစ် သတ်မှတ်ထားခြင်း မရှိလျှင်လည်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဥပဒေအဖြစ် သတ်မှတ်ပြင်ဆင်ပြီးပါက အစိုးရဌာန အရာရှိများသည် လက်တွေ့အသုံးချခြင်းနှင့် ဝန်ကြီးဋ္ဌာနဆိုင်ရာ စည်းကမ်းချက်များမှတစ်ဆင့် ဥပဒေ၏ သက်ရောက်မှုကို စီမံထိန်းသိမ်းရန် ကြိုးပမ်းနိုင်သော်လည်း ၎င်းတို့သည် ဥပဒေ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေမည်ဖြစ်သည်။
ဆက်သွယ်အကြံပြုသည့် နည်းလမ်းသည်လည်း အလွန်အရေးကြီးပါသည်။ အစိုးရနှင့် ဝန်ကြီးဋ္ဌာနများသည် လုပ်ငန်းအဖွဲ့အစည်းများနှင့် အကြံပေးများနှင့် လုပ်ငန်းတွင်း ပြဿနာများကို သက်တောင့်သက်သာ ဆွေးနွေးနိုင်ကြပါသည်။ ကုမ္ပဏီများသည် အဆိုပါ အချက်များကို အာရုံခံနိုင်ရမည် ဖြစ်သည်။
… ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ရှင်းလင်းစွာ သတ်မှတ်နိုင်ရန်နှင့် အင်ဒိုနီးရှားတွင် အောင်မြင်မှုရနိုင်မည့် မိတ်ဖက်ဆောင်ရွက်မှုကောင်းတို့ကို ဆွဲဆောင်နိုင်စေရန် အရေးကြီးပါသည်။
Ang Shih-Huei | ပူးတွဲတည်ထောင်သူနှင့် CEO၊ Klareco Communications
… အစိုးရအတွက် အရေးအကြီးဆုံးသော နည်းဗျူဟာများမှ တစ်ခုမှာ FDI (ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) များကို စွဲဆောင်နိုင်ရန်အတွက် တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်သော ရူပီးငွေကြေးတန်ဖိုးတို့ကို ထိန်းသိမ်းထားရန် ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည် …
Wijayanto Samirin | ဒုဥက္ကဋ္ဌ၏ အထူးဝန်ထမ်း၊ Jusuf Kalla